ပန်းကလေး များ လှစေချင်.......by Swe Myat Hay Thi on Thursday, 27 October 2011


ရင်မောရတဲ့ ကလေးငယ်များ…..

 စာရေးဆရာမ ပုညခင် ၏ ယခု လ ထုတ် အုပ် ( ၁၀၀ ) မြောက် လုံးချင်း ၀တ္တု ဖြစ်တဲ့ ကျွန်မ က '' နှင်းဆီပါ မောင် '' ဆိုတဲ့ စာအုပ်လေးကို ပြီးခဲ့တဲ့ အပတ်က အမှတ်မထင် ဖတ်မိရင်း ဒီ Link လေးရေးဖို့ စိတ်ကူး ရလိုက်မိ ပါတယ် ။ စာအုပ်ထဲ မှာ ရုတ်တ ရက် ချမ်းသာ လာပြီး ဘ၀ မေ့ တဲ့ အဖွား က ပစ်ရအောင် ပုံသွင်းပြီး ဖျက်ဆီးထားတဲ့ အတန်းပညာ လည်း မတတ် ၊ အသက်မွေး ၀မ်းကျောင်း အတတ် ပညာ ကလည်း ဘာမှ မရှိ ၊ လူတိုင်း နဲ့ လည်း အံမ၀င် ၊ ထောင့် မကျိုး နဲ့ ပစ်ရအောင် မွေးထား တဲ့ မြေးမလေး တစ်ယောက် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ သွားပြီး ဒုက္ခ ရောက်တဲ့ အခါ ပညာ ကလည်း မတတ် ၊ ဘာမှ လည်း လုပ်ကိုင် မ စားတတ် ၊ ဘယ် သူနဲ့ မှ လည်း အံမ၀င် မပေါင်းတတ်မသင်းတတ်၊လူမုန်း က လည်း များ ၊ လုပ်ရတဲ့ အလုပ် က လည်း သူများ ခြေထောက် ကိုင် ပြီး ဖိနပ်ပေါင်းစုံ စီးပေးရတဲ့ အလုပ် ၊ ပညာ မ တတ် တော့ အလုပ် လည်း အများကြီး ရွေးစရာ မရှိ ၊ ဘာအလုပ်လုပ် လုပ်လည်း အဆင် မပြေ ၊ ဘယ် သူ နဲ့ မှလည်း ပေါင်း လို့မရ နဲ့ ရယ်စရာလို့ သဘောထားပြီး ဖတ်ရင် ရယ်ရသလို ပညာပေး ဇာတ်လမ်း တစ်ပုဒ် လို့ သဘော ထား ပြီး ဖတ်ရင် လည်း ပညာယူ စရာ အများကြီးရတဲ့ အထည်ကြီး ပျက် ၀တ္တု ဇာတ် လမ်းလေး.. ဖြစ်ပါတယ်….
       ပြောချင်တဲ့ အကြောင်းကို နိဒါန်း မပါဘဲ တုံးတိကြီး ပြောဖြစ်ရတဲ့ အကြောင်းရင်းက ဒီလိုပါ… .တစ်နေ့က ကျွန်မရဲ့ အမလိုလည်းဖြစ် သူငယ်ချင်းလည်း ဟုတ်တဲ့ အမ တစ်ယောက် နေမကောင်းလို့ သတင်းသွားမေး မိပါတယ်… အိမ်ထောင်ရေး အဆင်မပြေဘဲ…အပျိုအရွယ် သမီးလေးတွေနဲ့ ကိုယ့်ဟာ ကိုယ် တစ်ယောက်ထဲ ရုန်းကန် နေရသူမှန်း ဓါတ်သိမို့ အားပေး စကားပြော ရန်လည်း ကြိုတင် စဉ်းစား သွားမိပါတယ်… ဟို ရောက်တော့ ကိုယ်က အားပေးဖို့ နေနေသာသာ ရယ်ကာမောကာ ပြုံးကာရွှင်ကာနဲ့ ထွက်ပြီး ဧည့်ခံတာ တွေ့မှ စိတ်အေးသွားရပါတယ်…ကိုယ့် အကြောင်းနဲ့ကိုယ်မို့ မတွေ့ဖြစ်တာကြာပြီမို့ တွေ့ မယ့် တွေ့တော့ လည်း စိတ်ကူးပေါက်ရာ အကြောင်း ထွေရာလေးပါး ပြောရင်း နဲ့ အနားမှာ ရှိတဲ့ သူ့သမီးလေး ရဲ့ ဓာတ်ပုံ တွေ တောင်း ကြည့်မိပါတယ်… .ကျွန်မ မှာ လည်း ဓာတ်ပုံဆိုင် ရှိတာ မို့…ဓာတ်ပုံ အယူအဆ အကြောင်း ၊ အိုက်တင် အကြောင်း ပြောရင်း နဲ့ ဆယ်တန်းဖြေ ထားတဲ့ သူ့သမီးလေး ဓာတ်ပုံထဲ မှာ စီးထားတဲ့ ဖိနပ် လှလှလေး ဆီ မျက်စိက ရောက်သွားတော့ အဲဒီ အမ က ပြောပြပါတယ်…အဲဒီနေ့ က ဖိနပ်လေး လှလို့ ၀ယ်လာတာ ၊ သမီး က ရရချင်း အရမ်းပျော်ပြီး ချက်ချင်း ဓာတ်ပုံ သွားရိုက်တာတဲ့….ဖိနပ်လေး က တော်တော် ဆန်း ပြီး ချစ်စရာ ကောင်းတာ ဘဲ ၊ ဈေးကြီးလား လို့ ပြောလိုက် မိပေမယ့် မှန်းမိလိုက်တာ က Heat Wave တို့ Charles & Kath တို့လောက် ဆိုတော့ အလွန့် အလွန်ဆုံး ပေးရရင် သုံးလေးသောင်းပေါ့…ဆိုပြီးတွေး မိ လိုက်စဉ်မှာ ဘဲ…အဲဒီ အမ က တစ်သိန်းကျော် ပါဘဲ ဆိုတာ ကို အံအားသင့်စွာ နဲ့ ကြားလိုက် ရပါတယ်….သူ့ အမေ နဲ့ သူ့ သမီး ကျေနပ်လို့ ဆင်ပေးတာ မှန်ပေမယ့် သူတို့ မိသားစု အကြောင်း သိထားတဲ့သူ ..သူကလည်း ကျန်းမာရေး သိပ် မကောင်းတဲ့သူ မို့ မနေနိုင် စွာနဲ့ အမ ရယ် ..ကလေးဘဲရှိသေးတာ ကို..အဲဒီလောက်ကြီး ၀ယ်ပေးရလားလို့. .ပြော လိုက်မိတော့ …. မိခင် မေတ္တာ စိတ် နဲ့ အမေ လုပ်သူ က '' ငါ့သမီးလေး တွေ အပျိုအရွယ်လေး လှချင် ၊ ၀တ်ချင်ရှာမှာ ပေါ့ ဟယ်. .ငါ ပင်ပင်ပန်း ပန်းရှာ ထား တာ ငါ့သမီးတွေ အတွက် မှ မဟုတ်ရင် ဘယ်သူ့အတွက် လဲ '' တဲ့ …ဆိုတာ နဲ့ သူ က တော့ အမေ ဆိုတော့လည်း ကိုယ့် သားသမီး ကိုယ် ချစ်ရှာတာ ကိုး လို့ ဘဲ…ဖတ် ..မပြောကောင်း မဆို ကောင်း အကြောင်းကြောင်း နဲ့ စည်းပွား ဥစ္စာ မတည်မြဲ ခဲ့ရင် ကလေး တွေ ဘယ်လို များမှ ရပ်တည် နိုင် ပါ့ မလဲ လို့ စိတ် ပူပန် ပြီး ရင်မောစွာ နဲ့ တွေးလိုက်မိပါတယ် ။
      တခါလည်း ကျွန်မ တို့ ဓာတ်ပုံ ဆိုင် မှာ မိသားစု အလှပုံ တို့ ၊ မင်္ဂလာဆောင်ပုံ တို့ လာရိုက်ရင်း တချို့ ကလေးလေးတွေ ပါလာရင် က အစ အဖော်မရှိတဲ့ ကျွန်မ သမီးလေး က ကလေးချင်းမို့ ခေါ်ချင်လို့ ရစ်သီ ရစ်သီ နဲ့ ပါ ။ အိမ်နေရင်း ဆိုတော့ ကိုယ့် ကလေး က အင်္ကျီအဟောင်း ပေပေတူးတူးလေး ဆိုတော့ လာရိုက်တဲ့ ဧည့်သည် ကလေး က ခေါ်ချင်ပုံ မပေါ်ပါဘူး ။ ဒီကြားထဲ ကျွန်မ သမီးက မျက်ရိတ် မျက်ခြေ နဲ့ ပြလို့ နားမလည်သေးတဲ့ နှစ်နှစ် ၀န်းကျင် အရွယ် ဖြစ်နေတော့ အလိုက်ကန်းဆိုး မသိစွာနဲ့ သူဆော့ နေ တဲ့ ကျွန်မ မိတ်ကပ် ပြင်တဲ့ Brush နဲ့ ဟို ကလေး ကို တို့လိုက်မိတော့….သူ့မိဘတွေ က အစ ပေသွားတယ်ပေါ့ ခါးခါးသီးသီးဖြစ်ပြီး ၊ ကလေး ကို အနောက်ခေါ်ပြီး ကျွန်မ ကလေး က ရိုးရိုး သာမန် ရပ်ကွက်ထဲက ကလေး ဖြစ်လို့ သူတို့ ကလေး လို အင်္ဂလိပ်ကျောင်း အဆင့် မှာ နေရတဲ့ ကလေး မဟုတ်လို့ အဆင့်မရှိတဲ့ အကြောင်း နဲ့ တန်းတူပေါင်းသင်းစရာ မလိုတဲ့ အကြောင်းကို အင်္ဂလိပ်လို တိုးတိုး တိတ်တိတ် .....ဆုံးမ နေတာ လည်း အမှတ် မထင် ကြားလိုက်ရတော့ ကျွန်မ သမီးအတွက် စိတ်မကောင်း ဖြစ်သွားခဲ့ရပါတယ်…. .တကယ် တမ်းက ကျွန်မ သမီးက ဘာမှ မဟုတ်သလို ၊ သူတို့လည်း ဘာမှ မဟုတ်သေးမှန်း သူ့မိသားစု အနေအထား အကြောင်း ကြား ဖူးတဲ့ ကျွန်မ အလိုလို သိနှင့်ပြီးသားပါ ။ မိဘ က နေ့ချင်းညချင်း တစ်သက်စား မကုန်အောင် ကုဋေ ရှစ်ဆယ်သူဌေးကြီး ဖြစ်လို့သူတို့ရဲ့ ကလေးတွေလည်း ကုသိုလ် ကံကောင်းစွာ နဲ့ လုပ်ကိုင် စား သောက်ရန် မလိုဘဲ တစ်သက်လုံး နေနိုင်ရင်တော့ ဟုတ်တာပေါ့လို့ လည်း စဉ်းစားမိလိုက်ပါတယ် ။
       အဲဒါတွေကြောင့် လည်း ကျွန်မ ခင်ပွန်းသည် က ကလေး ကို အလို မလိုက်ဖို့၊ ပူဆာတိုင်း မ၀ယ် ပေးဖို့၊ ငယ်စဉ် ကထဲ က ပိုက်ဆံ တန်ဖိုးသိစေဖို့၊ ဘ၀ အကြောင်း နားလည်စေဖို့၊ ဆင်းရဲ ချမ်းသာ မရွေး လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်း သင်း ဆက် ဆံ တတ်ဖို့က အစ အမြဲသွန်သင်လေ့ရှိပြီး တော်ရုံ တန်ရုံ အဖိုးမတန်တာလေးမို့ ကလေးက ပူဆာတာကို ကိုယ် က အမေမို့ မနေနိုင်စွာနဲ့သူမသိအောင် ခိုးကြောင် ခိုးဝှက် ၀ယ်ပေးမိလို့ သူပြန်သိလျှင်လည်း ကျွန်မ အမြဲ အဆူခံရ ပါတယ်။ ကလေးမူကြို ထားတာကအစ တော်ရုံတန်ရုံ ကျောင်းလေးလောက် ဘဲ ရွေးချယ်စေပြီး ကလေး က စာလိုက်နိုင်မှ ၊ အမှန်တကယ် စာကြိုးစားမှ ကိုယ် တတ်နိုင်ရင် တတ်နိုင်သလို ပြောင်းပြီးထားပေးလို့ ရ ကြောင်း ၊ အခုလို ကလေး ဘ၀ မှာ သိပ်အမြင့်ကြီး ကို ထားပေးလိုက်လို့ ကိုယ်က တစ်သက် လုံး မထားပေးနိုင်ရင် ၊ ဒါမှ မဟုတ် နောက်ထပ် ကလေး တွေ ထပ်ယူ ဖြစ်လို့ ကလေးတိုင်းကို တန်းတူ မထားပေးနိုင်ရင် ၊ အမြင့်ကို ပို့ပြီးမှ အနိမ့်ကို ပြန်သွားခိုင်းရင် မသွားချင် တော့ တဲ့ အတွက် ကလေးရဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ က အစ ပိုပြီး ပျက်စီး မည်ဖြစ်ကြောင်း အမြဲ ပြောဆို ဆုံးမ တတ်ပါတယ် ။
      ကျွန်မ သမီး နှင့် ပတ်သက်လို့ ကျွန်မကို ကျွန်မ ၏ ခင်ပွန်းသည် အမြဲတစေ ဆူရသည့် အကြောင်းရင်း က ဒီလိုပါ ။ အဖေ နဲ့ အမေ မသင့်မြတ်တဲ့ ကြားမှာ သိမ်ငယ်မှု စိတ်ဒဏ်ရာတွေ တသီကြီး နဲ့ ကြီးပြင်း လာရ ပေမယ့် ကျွန်မ အဖိုး ရဲ့ လိုလေသေးမ ရှိ ဖြည့် ဆည်းပေးခဲ့မှုကြောင့် မြေးဦး လည်းဖြစ်တဲ့ ကျွန်မ လူတွေကြား မှာ မျက်နှာ မငယ်ခဲ့ရ တာတော့ အမှန်ပါ ။ အဖိုး က မူကြိုက အစ အဲ ဒီခေတ် အခါ က အင်မတန် ဈေးကြီးတဲ့ အင်္ဂလိပ် မူကြို ၊ တခါကျောင်းကြီးတက်တော့ လည်း ၊ ဒဂုံ ( ၁ ) ကျောင်းပိတ်ရက် တွေ စိတ်လေမှာ စိုးသလို အားကစား လေးလည်း လုပ်ဖြစ်အောင်ဆိုပြီး ကုက္ကိုင်း ရေကူးအသင်းမှာ ရေကူးသင်ပေး ၊ တဖန် ပိုက်ဆံ ရှိတဲ့ လူ ဂုဏ်တန် အသိုင်းအ၀ိုင်း မှာ ၀င်ဆန့်အောင်ဆိုပြီး မြန်မာ နိုင်ငံ ရွက်လှေ အသင်း ကို က အစ အသင်း ၀င်ပေး ၊ မသွားချင်လည်း အတင်း လိုက်ပို့၊ သူ အားရင် အားသလို သူဌေး ကလေးတွေ နဲ့ တွေ့မယ့်နေရာတွေ ပို့ပေး နဲ့...ကျွန်မ တို့ ကလေး ဘ၀ က ပြည့်စုံ ခဲ့ရသလို …ရိုးသားအေးဆေးပြီး ဂုဏ်မမက်သော အဖေ အမေ က မွေးပေမယ့် သူတို့ နဲ့ လုံးဝ ခြားနားစွာ သူငယ်ချင်း ပေါင်းရင် က အစ တိုက် ရှိသလား ၊ ကား ရှိသလား ၊ တိုက်တောင်မှ ရပ်ကွက် ထဲမှာနေတာလား ၊ ခြံနဲ့ ၀င်းနဲ့ ဆိတ်ငြိမ် မှာ နေ သလား ၊ အဖေ အမေ က ဘာ အလုပ်လုပ်လဲ ကအစ ဟန်ဆောင်ကောင်းလို့ အပေါ်ယံ မျက်နှာ မှာ မသိမသာ ပေမယ့် အတွင်းစိတ်က ဂုဏ် ရှိ မရှိ နားစွင့်ပြီး ဂုဏ် တစ်ခုခု ရှိ မှ အပေါင်းအသင်း လုပ်ချင်တဲ့ အထိ အချိုး မပြေ ခဲ့သူ ဖြစ် ပါတယ် ။