ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် ..... on Sunday, 16 September 2012


      လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် ( ၁၂ ) နှစ်အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီးလုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်းသိပေမယ့် သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး  ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....        သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက်ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက်လက်ခံထားခဲ့ပါတယ်....
       ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....
      အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို ....ကိုယ်နဲ့တန်းတူစား၊တန်းတူသွားလာတာကိုအကျင့်လုပ်ထားမိတဲ့အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....
      အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့
( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် ....ဆိုပြီးဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGERဖွင့်တဲ့အချိန်ကျမှကျွန်မဖခင်ကိုနှလုံးဆေးခန်းတစ်ခုသွားပြရင်းနဲ့ဖြစ်ချင်တော့ .... ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် .... ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ...ပြန်တွေ့တဲ့အချိန်မှာအပျိုကြီးဖားဖားဖြစ်နေပြီမို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့ သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....
      သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကို သနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ က ကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက် ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင် မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ...... တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ... သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......
       နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် .... ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့....ရိုးရိုးကောင်းကောင်းမွန်မွန်အိမ်မျိုးမှာဘဲအလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့ ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....