ကျွန်မ စိုက်သည့် ပျိုးပင်များ ................ by Swe Myatt Hay Thi on Monday, July 2, 2012


ကျွန်မ စိုက်သည့် ပျိုးပင်များ ......


      လှပပြီး အခက်အလက် ဝေဆာသည့် ပန်းဥယျာဉ်ကြီး တစ်ခု ဖြစ်ရန် အတွက် .... ပထမဆုံး မျိုးစေ့ချမည့် မြေ ကို ဦးစွာ ရှင်းလင်းပြီး စိုက်ကွက်ဖော်ရမည် ။ မျိုးကောင်း မျိုးသန့် ဖြစ်လာမည့် မျိုးစေ့ ကို ရွေးပြီး မျိုးကျဲရမည် ။ ရေမှန်မှန်လောင်းပေး ပြီး ပေါင်းသင် မြေးဆွေး ထည့်ရမည် ။ အပင်ပေါက် ကလေးများ ကို ခရု မစား ၊ ပိုး မကိုက်အောင် နေ့စဉ် ဂရုတစိုက် ကြည့်ရှုရမည် ။ ပေါက်လာသည့် ပျိုးပင်များစွာ ထဲ မှ အလား အလာ မကောင်းသည့် ပျိုးပင်များ ကို အပင်ကောင်းလေးများ နှင့် မရောထွေး ရအောင် မျိုးခွဲ ပေးရမည်။ မလိုအပ်သည့် အပင်များကိုပေါင်းသင်ရှင်းလင်းပြီး မျိုးကောင်းမျိုးသန့်တွေကို စနစ်တကျခွဲထုတ်၍ လှပစွာပုံဖော် စိုက်ပျိုးပေးရမည်။ ပန်းပင်အမျိုးအစား အလိုက် လိုအပ်သလို ရေလောင်း၊အစာကျွေး ၊ ပိုးသတ်ဆေးဖြန်း ၊ ဓာတ်မြေသြဇာ ထည့်ပြီး နည်း စနစ်တကျ ပြုစု ပျိုးထောင်သွားမှ သာ နောင်တစ်ချိန် မှာ လှပသော ပန်းဥယျာဉ်ကြီး အတွက် တန်ဖိုး မဖြတ်နိုင်သည့် ... တော်ဝင် ပန်းကလေးများ မလွဲ ဧကန် ဖြစ်လာမည် သာ .....
      ကျွန်မ ဆိုင် ကို လာသည့် Customer အများစု နှင့် ခင်မင်ရင်းနှီးသော ကျွန်မ ၏ မိတ်ဆွေ သူငယ်ချင်း များ ကျွန်မ ဆိုင် မှာ အဆီလာချ တိုင်း အပြန်မှာ မေးလေ့မေးထ ရှိသည့် မေးခွန်း တစ်ခု က .... ကျွန်မ ဆိုင် က ၀န်ထမ်း ကလေး များ က အလွန် အင်မတန် မှ အလိုက် တသိ ရှိ ၊ လိမ္မာရေးခြား ရှိပြီး ၀န်ဆောင်မှု အလွန်ကောင်းကြတဲ့ အတွက် ... အဲဒီ လို ကလေးတွေ ကို လိုချင်ရင် ဘယ်မှာ သွားခေါ်ရပါ မလဲ တဲ့ .....သူတို့ ကို အကျေ အလည် မရှင်းပြဖြစ်ခဲ့တဲ့ ဤ အကြောင်းအရာလေး ကို ကျွန်မ စိုက်သည့် ပျိုးပင်များ .... ဆို သည့် ခေါင်းစဉ် နဲ့ နောင်တစ်ချိန် မှာ လုပ်ငန်း တစ်ခု ကို ဦးဆောင်ဦးရွက် ပြုမည့် .... မောင်လေး ...ညီမလေး များ အတွက် ... ရည်ရွယ် ပြီး ဒီ Note ကလေး ရေးဖြစ်ခဲ့တာဖြစ်ပါတယ် ..... ပထမဆုံး ကျွန်မ လိုချင်တဲ့ ၀န်ထမ်းအသစ် ရဲ့ ပုံပန်းသဏ္ဍန် က ..... ရုပ်ရည် သန့်ပြန့်ပြီး ခန္ဓာ ကိုယ် အချိုး အစား ပြေပြစ်ရမည် ။ အနိမ့်ဆုံး ပညာ အရည်အချင်း ၁၀ တန်း ခန့် ရှိရမည် ။ အိမ်ထောင် မရှိသူ အပျိုဖြစ်ရမည် ။ အလုပ် ချိန် မှာ မနက် ၆ နာရီ ခွဲ မှ ည ၈ နာရီ ဖြစ်သဖြင့် ကျွန်မ အိမ် မှာ ညအိပ် လာနေပြီး အလုပ်ဆင်းနိုင်သူဖြစ်ရမည် ။ အမှန်တကယ် အလုပ်လုပ်ချင် သူ ဖြစ်ပြီး အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည် ။ မည်သည့် အလုပ်မျိုး မှ မလုပ်ကိုင်ဖူးသူ ( အရောင် မဆိုးရသေးသူ ) ဖြစ်ရမည် ။ ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင် ရမည့် သူ ဖြစ်သဖြင့် ... စိတ်ရှည် သီးခံ နိုင်မည့် ကျိုးနွံ သည့် အသွင်အပြင် ပေါ်လွင်သော ရုပ်ရည် ဖြစ်ရမည် ။ ( မင်းသမီး ရှုံးလောက်အောင် ချောမော ပြီး ထောင့် မကျိုးသူ မဖြစ်စေရ ) ။
      ထိုသို့ သော အချက်တွေ နဲ့ ပြည့်စုံဖို့ .... လူရွေးရတာ အင်မတန် ခက်ပါတယ်.... ရုပ်ချောတော့ ..... အချိုး မပြေ ထောင့် မကျိုး ၊ အပိုးကျိုးနေ ပြန်တော့ ထုံလွန်းနေ ၊ ချက်ချက်ချာချာ ရှိပြန်တော့ လည်း အလုပ်တကာ စုံလို့ လူကြော နပ်နေတဲ့ သူ ဖြစ်နေပြန်တော့ ကျွန်မ ဆိုင် က နဂို ကလေးတွေ ရဲ့ အကျင့် စာရိတ္တတွေပါ ပျက်စီး မှာ စိုးတဲ့ အတွက် မခေါ် ချင်ပြန်ပါဘူး ။ တခါ ပညာတတ် ဘွဲ့ရ မကြီး မို့ ... ပိုက်ဆံ ဘယ်လောက်ရရ သူများ ခြေထောက် မကိုင်ချင် ပါဘူး ...သူများ ခန္ဓာကိုယ် မကိုင်ချင်ပါဘူး ဆိုတာ က တသွယ် .....အဲဒီလို မှ မဟုတ် အားလုံး ပြည့်စုံ တဲ့ သူ ဖြစ်ပြန်ပါတော့ ...ကျွန်မ ပေးနိုင် သည့် စစချင်း ဘာမှ မတတ်သည့်သူ ကို ပေးသည့် အလုပ်သင် ၏ အခြေခံ လစာ နှင့် မလုပ်နိုင်ပါဘူး ...ဆိုတာ က တဖုံ နှင့် .... တွေ့က ရာ နေရာ ၊ ဈေးသည် ကနေ အမြို့မြို့ အနယ်နယ် က သူငယ်ချင်း အဆုံး ၊ ဆွေမျိုး လည်း မနေရ ၊ အခွင့်အလမ်း လည်း မနေရ ၊ လူပွဲ စား လည်း ပါရနှင့် .... ပါဘဲ ....ကျွန်မ ၀န်ထမ်း တစ်ခါ တစ်ခါ ခေါ်တိုင်း ခေါင်းမီးတောက်အောင် ရှာရပြီး မရမချင်း အလွန်တရာ စိတ်ညစ်ရတတ်ပါ တယ် .....
      ပထမဆုံး အချက်လေးတွေ နဲ့ ရှားရှားပါးပါး ကိုက်ညီတဲ့ စိတ်တိုင်းကျ သူလေး တွေ့ရင် စိတ်ထဲ က နှစ်သက်နေပေမယ့် ... ကိုယ့် အလုပ် နဲ့ ရေရှည် ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကို အင်တာဗျုး သည့် နေ့ မှာ ပင် .... တရင်းတနှီး စကားစမြည် ပြောကြည့်ရင်း ကိုယ် လိုချင်တဲ့ ပုံစံ ၀င်မ၀င် ... ပုံသွင်းလို့ ရမရ ၊ ကျွန်မ ဆိုင် မှာ ရေရှည် ဖြစ်နိုင် ၊ မဖြစ်နိုင် .... ကျွန်မ ဆိုင် မှာ နဂို ရှိတဲ့ ကလေးတွေ နဲ့ အဆင်ပြေနိုင် ၊ မပြေနိုင်က အစ .... အကဲဖြတ် ကြည့်ရသလို .... ကျွန်မ မေးတာတွေ ကို သူ တကယ်ဖြေနေတာ လား ... အလုပ် ရအောင် အချိုးပြေအောင်ပြော ဆို နေထိုင်ဖြေပြနေတာလား .... က အစ အနီးစပ်ဆုံး လေ့လာရပြန်ပါတယ် .... ပြီးရင်တော့ အနီးစပ်ဆုံး လက်သင့် ခံနိုင်ပြီ ဖြစ်တာ မို့ .... ကျွန်မ အလုပ် နဲ့ ပတ်သက်သမျှ ကို အဲဒီ အလုပ် လာလျှောက်တဲ့သူ စိတ် မညစ် ညစ်အောင် အလှကြိုက်မယ့် ပုံစံ ဆို ...ဘယ်လို မလှမပ နေရတဲ့ အကြောင်း ၊ အပိုး မကျိုး တဲ့ သူဆို ဘယ်ရွေ့ဘယ် ချမ်းသာ သူများ ခြေထောက်တွေ အရောင်စုံ ကို ကိုင်ရတွယ်ရမည့် အကြောင်း ချွေးတွေသံတွေ နဲ့ ခန္ဓာကိုယ် အမျိုးမျိုး ကို ကိုင်တွယ် ရမည့် အကြောင်း ၊ အပင်ပန်း မခံနိုင်မည့် ပုံစံဆို ဘယ်လို ပင်ပန်းရမည့် အကြောင်း က အစ ပိုပို သာသာလေး ပြောလို့ ... ပြောင်းလဲသွားမည့် သူ့မျက်နှာ အခြေအနေကို အကဲခတ်ရင်း မှ နောက်ဆုံး စိတ်တိုင်းကျပြီ ဆိုမှ အလုပ် ခန့်သည့် အနေအထား ကို ရောက်ပါတယ် .....
      အလုပ် စခန့် ပြီးလို့ ကိုယ့် အလုပ်ထဲ စသွင်းပြီ ဆိုတာ နဲ့ ပထမဆုံး မည်သည့် အတတ်ပညာ ကို မှ မသင်ခင် သတ်မှတ် ယူနီဖောင်း ကို သပ်ရပ် သန့်ပြန့်စွာ ၀တ်စားဆင်ရင်တတ်ဖို့ က စပြီး တကိုယ်ရေ သန့်ရှင်းမှုရှိဖို့ပါ သွန်သင်ရပါတယ် ။ သင်တန်း ခန်းမ ထဲ ရောက်ရင်လည်း သင်တန်းသူတွေ အရှေ့ က ဖြတ်ရင် ခေါင်းငုံ့သွား ၊ ခေါင်းမငုံ့ချင်ရင် အနောက် က ဖြတ် ဆိုတာ က တမျိုး ၊ သင်တန်း ခန်းမ မှာ မလို အပ်ဘဲ အချင်းချင်း စကား မပြောရ ၊ ငေးမော မနေရ ၊ မလွှဲသာ လို့ ပြောရရင်လည်း တိုးတိုး သက်သက် သာသာပြောဆိုရန် ၊ လာ ကစားသည့် သင်တန်းသူ နှင့်ရော ၀န်ထမ်း အချင်းချင်း နှင့် ပါ ယဉ်ကျေး ချိုသာစွာ ပြောဆိုဆက်ဆံရန် ၊ ကိုယ့် အရှေ့ မှာ ရောက်နှင့် တဲ့ လူ က သင် ရင် ပြောပြရင် လက်ခံရန် ၊ အချင်းချင်း အပြန်အလှန် လေးစားသမှုရှိရန် က အစ သွန်သင်ရသကဲ့ သို့ ..... ကိုယ့် ထက်နိမ့်ကျသည့် အလုပ် မှ ကလေးများ နှင့် ဆိုလျှင် လည်း အထက်ဖား အောက်ဖိ မလုပ်မိစေဖို့ ၊ လူ ကို လူ လိုမြင်ပြီး လူ တိုင်း ကို စာနာစိတ်ဖြင့် ပြောဆို ဆက်ဆံ တတ် ဖို့ပါ မကျန် အသေးစိတ် သင်ကြားပြီးမှ .... သူတို့ ကို ကျွန်မ ဆိုင် မှာ အမှန် တကယ် လာကစား သည့် သင်တန်း သူ များကို သင်အတိုင်း လေ့ကျင့်ကစားခိုင်းရပါတယ်... ထို မှ တဖန် တဖြည်းဖြည်း တတ်မြောက် ကျွမ်းကျင်လာလို့ Customer ကို ပြန်သင်နိုင်သည့် အခါ ကျပြန်တော့ လည်း လေးစားစွာ ပြောဆို ဆက်ဆံတတ်ဖို့ ... ယဉ်ကျေး ချိုသာ စိတ်ရှည်စွာ သင်ပြနိုင်ဖို့ .....သင်တန်း သင်သည့် နည်းပြ ၏ ဟန်ပန် အမူအရာ က အစ ၀န်ဆောင်မှုပေးတဲ့ သူ ၏ ရုပ် အသွင် ဖြစ်ရမည် ( စာသင်တပည့် ကို သင်ပြနေ သည့် ကျောင်းဆရာမ ၏ လေသံ ၊ ဟန်ပန် ၊ မျက်နှာပေး မဖြစ်စေရ ) က အစ ၊ အလုပ်ချိန် အပြင်မထွက် ရ ၊ ဧည့်သည် မလာရ ၊ ဖုံးမပြောရ ၊ သီချင်း မဆိုရ ၊ စာအုပ် မဖတ်ရ ဆိုတာ နှင့် ကိုယ် သင် တဲ့ သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ကစားတဲ့ သူ ၏ ဟန်ပန် အမူအရာ ကို အကဲခတ် တတ်ပြီး ဘာဘဲ လိုလို အဆင်သင့် တန်းပြီး ကူညီနိုင်စေဖို့ က အစ သွန်သင်ရပါတယ် ။