Multilevel ( Network Marketers ) များ နှင့် Service ( or ) Product ရောင်းသူများ အားလုံး အတွက်......

by Swe Myatt Hay Thi on Monday, July 2, 2012


      ကျွန်မ မြန်မာစာ ကို ၀ါသနာ ပါတဲ့ အတွက် ငယ်စဉ် က စပြီး စာရေးခြင်း အလုပ် ကို ခုံမင်ခဲ့ဖူးပါတယ် .... စာရေး ဆရာ ဖြစ်လောက်အောင် ထူးချွန် လှတဲ့ ပါရမီ မပါပေမယ့် .... စာရေး ဆရာမ ဖြစ်ချင်တယ် ....လို့တော့ စိတ်ကူးယဉ် ခဲ့ဖူးပါတယ် .... မှတ်မှတ်ရရ .... ကျွန်မ ၁၀ တန်း ဖြေပြီး တဲ့ နှစ်လောက် က မတောက်တခေါက် စာလေး ရေးပြီး စင်တင် ကလောင်သစ် တွေ ကို အောင်မြင်စွာ မွေးထုတ်ပေးနေတဲ့ ယခုချိန် ထိ အောင်မြင်မှု များစွာ ရနေဆဲ ဖြစ်တဲ့ စာပေတိုက် တစ်ခု ကို ဖုံးဆက်ပြီး ကလောင် သစ် တင်တာ နဲ့ ပတ်သက်ပြီး စပ်စပ်ဆော့ဆော့ မေးကြည့်ဖူးသလို ... အဲဒီ ထုတ်ဝေသူက ကျွန်မ စပ်ဆော့ ပြီးဖုံးဆက်မေးတာကို အထင်တကြီးနဲ့နာမည်တို့လိပ်စာတို့ တောင်းတဲ့ အတွက် မညာချင်တော့တာနဲ့ အမှန်အတိုင်း ဖြေ ခဲ့ဖူးပါ တယ်.... အဲဒီ စပ်ဆော့မှု ရဲ့ အကျိုးသကာလ က နောက်တစ်နေ့ ညနေ မှာ အဲဒီ ထုတ်ဝေသူ ခမျာ သူ့စာအုပ်တိုက် က နာမည်ကျော် စာရေးဆရာတွေ ရဲ့ စာအုပ်တွေ တစ်ထပ်ကြီး နဲ့ ကျွန်မ ရေးထားတဲ့ ၀တ္တု နမူနာ တွေ ကို ပါ ဝေဖန် သုံးသပ်ပေးဖို့ နောက်ထပ် နာမည်ကျော် စာရေး ဆရာကြီး တစ်ယောက် ကို တောင် အပါခေါ်လာပါသေးတယ် .... စိတ်ကူးတည့်ရာ ရောက် တတ်ရာရာ လျှောက်ရေးနေသည် မှ လွဲ၍ စာအုပ်ထုတ် ရလောက်အောင် ပြစရာ စိုးစဉ်း မှ မရှိသေးသည့် ကျွန်မ ခေါင်းနပန်းကြီးစွာဖြင့် တွေ့ရမှတော့ မထူးပါဘူး ဆိုပြီး ... အဲဒီ ထုတ်ဝေသူ ကို သိချင်တာ အကုန် လျှောက်မေးခဲ့သမျှ ကို တကယ့် နာမည်ကြီး စာရေးဆရာမ တစ်ယောက် ကို တလေးတစား ဆက်ဆံ သွားသည့် ပမာ လေးလေးစားစား ဖြေပြီး သေသေချာချာ ရှင်းပြသွား တာ ကို ကြုံလိုက်သလို ...နောင် တစ်ချိန် မှာ တကယ် စာရေး ဆရာမ လုပ်မယ် လို့ ဆုံးဖြတ်ပြီး ရင် ဖုံးဆက်လိုက်ပါ ... သေသေ ချာချာ သင်ပေးပါမည် ...ဆိုတာ ကို ပါ ထပ်ပြောသွားပါသေး တယ် ......
       နောက်တစ်ခါကျ ပြန်တော့ ကျွန်မ တို့ ဆရာကြီး ဖြစ်သည့် မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင် ဆီ မှာ ဆရာကြီး မင်းသုဝဏ် တို့ ဆရာ ဇော်ဂျီ တို့ စာပေသင်တန်း ဖွင့်မယ် ... စာရေးတာ ၀ါသနာ ပါတဲ့ သူတွေ လာနားထောင်လို့ ရတယ် ဆိုပြန်တာ နဲ့ ရည်ရွယ်ချက် ရယ်လို့ ကြီးကြီးမားမား မရှိလှပေမယ့် ၀ါသနာတော့ ပါသေးတာမို့ .... သွားနားထောင် ဖြစ်ခဲ့ပါသေးတယ်.... အဲဒီ မှာ စာရေးနည်း ၊ ကဗျာ စပ်နည်း တွေ ကို ပါ သဘောတရားလောက် ထည့်သင်သွားတဲ့ အပြင် ... အဓိက နားသွင်းသွားတဲ့ အကြောင်း အရာ က စာရေးရင် ကိုယ်ရေးတဲ့ စာတစ်ပုဒ် ဟာ ဖတ်မိသူ အတွက် တစုံတရာ အကျိုးရှိစေမယ့် စာသာ ဖြစ်ရမယ် ... အဆိပ် အတောက် စာပေ မဖြစ်စေရ ....နောက် တစ်ခု က ကိုယ့် ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက် ကို တစ်ဦး တစ်ယောက် သိစေချင်ရုံမျှ နှင့် စာပေ နှင့် စာဖတ်သူ ကို ခုတုန်း မလုပ်မိစေရ ..... ဆိုတာ ပါ .... အဲဒီ က စပြီး ကျွန်မ ကိုယ့် ကိုယ် ကိုယ် အမှန်အတိုင်း ဆင်ခြင်သုံးသပ်ကြည့် မိပါတယ်..... အမှန်တကယ် ၀ါသနာ ပါတာလား .... ဤ အလုပ် မှာ နှစ်မြှပ်ပြီး အသက်မွေး ၀မ်းကျောင်း လုပ်မှာလား ..... နာမည်ကြီးချင်တာ လား ....နောက် ကျွန်မ ကို တလေးတစား လာတွေ့ သွားသည့် ထုတ်ဝေသူ နှင့် စာပေသင်တန်း မှာ သင် သွားသည့် ဆရာကြီး တွေ ကဲ့သို့ ဤ အလုပ် နှင့် စာပေ အပေါ် ရိုးသားစွာ လုပ် ကိုင်နိုင်မှာလား ..... လို့ အကြိမ်ကြိမ် ဆင်ခြင် သုံးသပ် ပြီးချိန် မှာ အဲဒီ အခါ ရဲ့ စာရေးချင် စိတ် က တစ်ဦး တစ်ယောက် ကို ရည်ရွယ်လိုတဲ့ စိတ် / နာမည်ကြီးချင် တဲ့ စိတ် တွေ ကိုသာ အရင်းတည်နေလို့ ရိုးသားစွာ စာရေးလိုခြင်း မဟုတ်သည့် အတွက် ..... စာရေးခြင်း အလုပ် ကို စွန့်လွှတ်ခဲ့ပါတယ် .....
     အဲဒီ အချိန်ကထဲ က စာရေးခြင်း အလုပ် နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပေမယ့် ..... စာဖတ်ခြင်း ကို တော့ တစ်ခြားသော အပန်းဖြေ နည်းများ ထက် ပိုပြီး နှစ်သက်တဲ့ အတွက် အားရင် ကျွန်မ ရဲ့ အပန်းဖြေချိန် ဆိုတာ စာအုပ် ဖတ်ချိန် များသာ ဖြစ်ခဲ့ပါတယ် ..... အဲဒီ က နေ မှ တစ်ခါ ကျွန်မ ချစ်ခင် နှစ်သက်တဲ့ စာရေး ဆရာမ တွေ နဲ့ အပြင်မှာ ရင်းနှီး ခင်မင်ခဲ့တာ က စပြီး စာရေးချင်တဲ့ ပိုး က ပြန်ဝင်လာပြန်ပါတယ် ..... စာရေးဆရာမ မဆုမြတ်မွန်မွန် နဲ့ အပြင် မှာ ခင်မင်သွားတော့ ငယ်ငယ်တုန်း က စာရေးချင်ခဲ့တဲ့ ပိုး အကြောင်း ပြောပြမိရင်း နောက်ပိုင်း မှာ သူမ က ကျွန်မ လက်ရှိ လုပ်နေတဲ့ အမျိုးသမီးတွေ ရဲ့ အလှအပ အလုပ်တွေ တော်တော် များများ နဲ့ ပတ်သက် ပြီး အလှအပ ဆောင်းပါးလေး တွေ မဂ္ဂဇင်း တွေ မှာ ရေးပါလား ရယ် လို့ ..... အားပေးသွားပြန်တာ ရယ် ... တစ်ခါ ကျွန်မ ဆိုင် ကို Internet က နေ သိပြီး လာတဲ့ သူတွေ ကို ကြိုတင်လေ့လာနိုင်ဖို့ Website တစ်ခု မှာ စာလေးတွေ စတင်ရေးလို့ ... အဲဒီ စာလေးတွေ ကို ဖတ်ပြီး လူတွေ ထပ်ထပ်လာကြတာ ကို အကြောင်းပြုတာ က စပြီး ... အိမ်နားနီးချင်း အကို တစ်ယောက် က ပါ အကြံပေးတာ ကို သဘောကျတာ နဲ့ Facebook မှာ အားတဲ့ အခါ စာရေးနေတဲ့ သူ တစ်ယောက် ဖြစ်မှန်း မသိ ဖြစ်လာပါတယ် .... အဲဒီ Facebook Notes မှာ ရေးတဲ့ ကျွန်မ စာလေးတွေ ကို ကျွန်မ Website ဖြစ်တဲ့ www.gingerbeautyland.com မှာ Facebook Notes ဆိုတဲ့ ခေါင်းစဉ် အကြီး တစ်ခု ယူပြီး အဲဒီအောက်မှာ မှ သက်ဆိုင် ရာ ခေါင်းစဉ် ငယ်လေးတွေ ထပ်မံခွဲပြီး တင်ထားခဲ့တာ မှာ ...... အဲဒီ ဆောင်းပါးလေး တွေ ကို ဖတ်မိတဲ့ သူ တွေ .... စာဖတ်သူ က နေ Customer ဖြစ် ..... တခါ Customer ကနေ စာဖတ်သူ ဖြစ် နဲ့ ..... ကိုယ် က ဗဟုသုတ လေးတွေ ဝေမျှ ၊ အဲဒီ ဗဟုသုတ လေးတွေ ဆီ က နေ Customer အသစ် အသစ်တွေ ထပ်ထပ် ရ နေတာ က စပြီး ....... စာတွေ ပိုပို ပြီး ကြိုးစား ရေးဖြစ်လာသလို ... ကျွန်မ အထက် တွင် ရေးခဲ့ဖူးသလို ..... ကိုယ်ရေးတဲ့ စာက ဖတ်မိတဲ့ သူတွေ အတွက် ... အဆိပ် အတောက် မဖြစ်စေဖို့ နဲ့ ကိုယ် ရည်ရွယ်တဲ့ Target တစ်ခု ဆီ ကို အကျိုး သက်ရောက်မှု ရှိစေဖို့ ဆိုတာ ပိုပြီး တာဝန်ကြီးလာ ပါတယ် .... ထို့ အတွက် ကျွန်မ စာရေးတဲ့ အကြောင်း အရာတိုင်း ကို.... သေသေချာချာ စဉ်းစားပြီး မှ ရေးဖြစ်တာ ဖြစ်သလို .... ထို စာ တစ်ပုဒ် ကြောင့် မည်သူ တစ်ဦး တစ်ယောက် ၏ အကျိုး စီးပွား ကို မှ မထိခိုက်စေချင်တာကြောင့် .... ယခု ရေးချင်သည့် အကြောင်း အရာမျိုး ကို သတိကြီးစွာ ထားပြီးရေးရသလို ... ကိုယ် ရေး လိုက်မိ သည့် စာ အတွက် ကိုယ် တာဝန်ယူ ဖို့ ဆိုတာ ကို ပါ အလိုလို နားလည် လာရပြန်ပါတယ် .....
      နိဒါန်း အရှည်ကြီး ချီပြီး မှ ရေးရတဲ့ အကြောင်းအရာ က ..... ကျွန်မ ကိုယ်တိုင် မကြာခဏ တွေ့ကြုံနေရသည့် ကျွန်မ တို့ မြန်မာနိုင်ငံ မှာ ရောင်းနေကြသည့် .... Multi-Level Marketing လို့ ခေါ်ကြတဲ့ ကွန်ယက် စနစ် Network Marketing က အရောင်း ကိုယ်စားလှယ် အချို့ ၏ ရောင်းဝယ်ပုံ များနှင့် ပတ်သက်ပြီး အဓိက ပြောချင်လို့ဘဲ ဖြစ်ပါတယ် .... Network Marketing ဆိုတာ အကြမ်းမျဉ်း အားဖြင့် ပြောရရင် ကုန်ပစ္စည်း တစ်ခု ကို Media တွေ မှာ မကြော်ငြာဘဲ သုံးစွဲသူ လက်ဝယ် သို့ တိုက်ရိုက် ရောက်စေချင်သည့် အတွက် ပစ္စည်း တစ်ခု ကို ကိုယ် အရင်သုံးတာ က စပြီး တကယ် ကောင်းတာကို ကိုယ် သိတာ က စလို့ တစ်ဆင့်ပြီး တစ်ဆင့် ကိုယ့် မိတ်ဆွေ အပေါင်းအသင်း များ ဆီသို့ ဆင့်ပွား ထပ်ထပ် ရောင်းချတဲ့ ရောင်း နည်းစနစ် ဖြစ်သလို .... ရောင်းအား နဲ့ ကိုယ့် ရဲ့ အောက်လိုင်း မှာ ကိုယ့် လို ထပ်ဆင့် ရောင်းတဲ့သူတွေ ထပ်ထပ်ပြီး ရလာလို့ ကိုယ့် ကွန်ယက်ကြီး တဖြည်းဖြည်းကြီးကြီး လာတာ နှင့် အမျှ ရာထူးတွေ မြင့်မြင့်မားလာရသလို ၊ ၀င်ငွေ တွေ နဲ့ ရပိုင်ခွင့် တွေ ဆိုတာ လည်း တဖြည်းဖြည်း ကောင်းကောင်း လာတာမို့ .... ကိုယ့် ကွန်ယက် ကြီးသထက် ကြီးအောင် ကြိုးစားနေရုံ ၊ အမြို့မြို့ အနယ် နယ် မှာ ဈေးကွက် အသစ်တွေ ထပ်ထပ် ရှာဖွေနေရုံ နဲ့ တခြားသော အလုပ်တွေ လို ရင်းနှီး မြှပ်နှံစရာ မလို ၊ အခွန် အခ ပေးဆောင် စရာ မလို ၊ ကြော်ငြာ ထည့် ဖို့ ကုန်ကျစရိတ် ဆိုတာ လည်း မလိုအပ်တဲ့ .... အတွက် .... ထို အလုပ် ရဲ့ အကျိုးအမြတ် ဆိုတာ ကို ခံစားဖူးသူတိုင်း က အားကြိုး မာန်တက် စွမ်းစွမ်းတမံ လုပ်ဆောင်တတ်ကြပါတယ် .... တစ်ခါ အထက်လိုင်း မှ ရာထူး အမြင့်ရထားသူ များ အနေနှင့် လည်း ကိုယ့် အောက် က ကွန်ယက်ကြီးကြီး လာတဲ့ အတွက် .... စတင် လုပ်ကိုင်ခါစ က လို အပူတပြင်း အရောင်း ကိုယ်စားလှယ် ထပ်ရှာစရာ မလိုဘဲ အောက်လိုင်း ကွန်ယက် က အဆင့်ဆင့် အလုပ်လုပ်နေကြရုံ နှင့် အလိုလို အကျိုး ခံစားခွင့် တွေ ရရှိ ခံစားနေရမှာ ဖြစ်ပါတယ် ......
      Multi-Level Marketing စနစ်ဖြင့် ရောင်းသည့် ပစ္စည်း အများစု ၏ သဘော သဘာဝ ကို ကျွန်မ နားလည် သလောက် လေ့လာကြည့်မိတာ က ဆိုင်တွေ မှာ တင်ရောင်း လျှင် Product Knowledge ဆိုတာ ကို အမှန်တကယ် နားမလည် ဘဲ ဈေးရောင်းရုံ ရောင်းချလိုက်မည့် အရောင်းသမား သက်သက် ကို မလိုချင်ဘဲ..... မိမိရောင်းချမည့် ကုန်ပစ္စည်း တစ်ခု ၏ အမှန်တကယ် ကောင်း၏ / ဆိုး၏ ဆိုတာ ကို Customer များ ထဲထဲဝင်ဝင် သိနားလည် ပြီး မှ သုံးစွဲစေချင်သည့် စိတ်စေတနာကြောင့် ..... ကြော်ငြာ စရိတ် အတွက် ကုန်ကျ မည့် ငွေကြေးမြောက်များစွာ ကို အရောင်း ကိုယ်စားလှယ် များ ၏ အကျိုး ခံစားခွင့်များ အဖြစ်ပေးအပ်ထားခြင်းသာ ဖြစ် ပါတယ် ...... ထိုသို့သော Network Marketing စနစ်ဖြင့် ရောင်း ၀ယ်နေသူများ တွင် ထို ကုန်ပစ္စည်း ကို အမှန်တကယ် ကြိုက်နှစ်သက် ၍ စွဲမြဲစွာ သုံးစွဲနေသော စားသုံးသူ သက်သက် Customer များ ရှိသကဲ့ သို့ ..... ထပ်ဆင့်ပွားပြီး ရလာမည့် ကွန်ယက် စနစ် ၏ အကျိုး စီးပွား ကို လိုချင်သည့် အတွက် ထို ကုန်ပစ္စည်း ကို သုံးစွဲရင်း ထပ်ဆင့် အလုပ်လုပ်မည့် အရောင်း ကိုယ်စားလှယ် ကို ရှာဖွေသည့် သူများရယ်လို့ အုပ်စု ၂ စု ရှိပါ တယ် ..... ဤ တွင် အရောင်းဘက် ကို စိတ်မ၀င်စားသော်ငြား လည်း စားသုံးသူ သက်သက် Customer များ အနေနှင့် သဘောပေါက် နားလည်ကြသည် မှာ Network Marketing မှ ပစ္စည်းများ သည် သာမန် အမျိုးတူ ကုန်ပစ္စည်းများထက် အဆ များစွာ တန်ဖိုးကြီးပေးရ သကဲ့ သို့ အကျိုး အာနိသင် လည်း ပိုမို ထူးခြားသည် ကို လက်ခံ ယုံကြည်နေ၍ သာ စွဲမြဲစွာ သုံးစွဲနေကြခြင်း ပင် ဖြစ်ပါတယ် ..... အရောင်း ကိုယ်စားလှယ် မလုပ်ဘဲ စားသုံးသူ သက်သက်အဖြစ်သာ နေသူများ ဖြစ်သဖြင့် ထိုသူများ ထံ မှ အမှန် တကယ် ကြား ရသည့် ကောင်းသတင်း ဆိုတာ အရောင်း ကိုယ်စားလှယ် များ ထံမှ ကြားရမည့် ကောင်းသတင်း ထက် လူအများ ပိုမို လက်ခံ ယုံကြည် ကြမည် မှာလည်း မလွဲမသွေပင် ဖြစ်ပါတယ် .......