GINGER Beauty Land ( 7 ) th Anniversary ......... by Swe Myatt Hay Thi on Tuesday, May 1, 2012


ကျွန်မ ၏ GINGER Beauty Land ( 7 ) နှစ်တာ ခရီးစဉ် အကြောင်း အမှတ်တရ ......


       ဒီကနေ့ မေလ ( ၁ ) ရက်နေ့..... ကျွန်မ ၏ GINGER Beauty Land ဖွင့်တာ ( ၇ ) နှစ် တိတိ ပြည့် တဲ့ နေ့ ဖြစ် ပါတယ်..... အကြောင်းကြောင်းနဲ့ မအားလပ်လို့ စာမရေးဖြစ်တာလည်းတော်တော်ကြာပြီမို့အလုပ်တစ်ခုနဲ့လူရိုသေရှင်ရိုသေဖြစ်လာရတဲ့ဒီနေ့လေးကို အမြဲအမှတ်ရနေတာမို့ကျွန်မအလုပ်နဲ့ပတ်သက်တဲ့ စာလေးတစ်ပုဒ်လောက်တော့ အမှတ်တရအဖြစ် ရေးဖြစ်အောင် ရေးအုံးမယ်ဆိုပြီး......အချိန်ယူကြိုးစားပမ်းစားရေးလိုက်ပါတယ်......ကျွန်မ တို့ GINGER Beauty Land .... ခရီး အစ က ဒီလိုပါ ..... ကျွန်မ ကိုယ်ကာယ အလှသင်တန်း စတင်ဖွင့်လှစ်ဖြစ်သည့်ခေတ်က ယခုထက်စာရင် အင်မတန်မှ နည်းသလို ဖွင့်တဲ့ အားကစားသင်တန်း တော်တော်များများကို ဦးစီးဖွင့်လှစ်သူ အများစု က အားကစားနှင့် ကာယပညာ ဦးစီးဌာန မှ အရာရှိများ နှင့် ဆုတံဆိပ် အမျိုးမျိုး ရထားသည့် လှယဉ်ကျေးမယ် များသာဖြစ်ကြပါတယ် .... ကျွန်မ သာ အားကာ အရာရှိလည်း မဟုတ် / မယ် လည်း မဟုတ်ဘဲ ခပ်တည်တည် နှင့် ကိုယ် လုပ်နိုင်တယ် လို့ ယုံကြည်စွာ နဲ့ လုပ်ခဲ့တဲ့ အလုပ် ကို ဘယ်သူ ဘာပြောပြော ခေါင်းကြောမာမာ နှင့် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်.....
      အဲဒီ အလုပ်လေး ရွေးချယ်လုပ်ဖြစ်ခဲ့ပုံလေး လည်း အမှတ်တရ ထည့်ပြောပါရစေရှင်....ကျွန်မ တို့ ဆယ်တန်း အောင်ပြီး ပြီးချင်း နှစ် က ရောက်တတ်ရာရာ သင်တန်းလေးတွေ လျှောက်တက်ရင်း သူငယ်ချင်း တစ်ယောက် နှင့် မယု ၏ .... ယုနန္ဒာမြင့် (အမျိုး သမီးအေရိုးဗစ်) သင်တန်း တွင် အပျော်လိုက် ကစားဖြစ်ခဲ့ရာမှ....ခန္ဓာကိုယ် လှချင်သည့် ပိုး က ၀င်သွားတာမို့.....၁၉၉၈ ...ခုနှစ် မှ စ၍ အားကစားနှင့် ကာယ ပညာဌာန ဦးစီး အရာရှိ ဆရာမ ဒေါ်ခင်သူ ၏ June အမျိုးသမီး ကိုယ်ကာယ သင်တန်း တွင် ထပ်မံ ကစားဖြစ်ခဲ့ပါ တယ်..... ကိုယ် က လှချင်လို့ သွားကစားတာ မှန်ပေမယ့် အဲဒီ သင်တန်း မှာ ၀ချင်လို့ လာတဲ့သူ ၊ ပိန်ချင်လို့ လာတဲ့သူ ၊ ကျန်းမာရေး သက်သက် လာကစားတဲ့ သူ စတဲ့ ခန္ဓာ ကိုယ် အမျိုးမျိုး ကို လည်း ကိုယ်ကစားနေတဲ့ အချိန်မှာ တွေ့ရရင် ကိုယ်ကစားတာ သာ မက သူတို့ ကစားတာတွေကိုပါ မရည်ရွယ် ပါဘဲ ငေးမော လေ့လာမိရင်း တခါတလေ ဆရာမ ကို လျှောက်မေး မိတာက စလို့ ကစား တဲ့ နည်းစနစ် သဘော တရား ၊ ခန္ဓာကိုယ် သဘောတရားများ ကို ပါ လေ့လာ မှတ်သားမိခဲ့ ပါတယ်.....သင်တန်း ၌ စနစ် တကျ ကစားပြီး မအား လပ် ၍ မသွား နိုင် သည့်နေ့ များ တွင် လည်း နေ အိမ်မှာ ပင် တနိုင် စက်ကိရိယာ လေးများ ဖြင့် နေ့ စဉ် လေ့ကျင့် ကစား ရင်း လေ့ကျင့်ခန်း အမျိုး မျိုး ၏ အားနည်းချက် ၊ အားသာချက်များ ၊ လေ့ကျင့် ကစားခြင်း ၏ အကျိုးကျေးဇူးများ ကို အတော်လေး ထဲထဲ ၀င်ဝင် သိမြင် လာခဲ့ပါတယ် ။
      အဲဒီလို နှင့် မှ ၂၀၀၅ ခုနှစ် လောက်မှာ အလုပ် စ လုပ်ဖို့ ပြင်ရင်း ဟိုဟာ လုပ် ရကောင်းနိုးနိုး ဒီဟာ လုပ်ရကောင်းနိုးနိုး ..... နှင့် အလုပ် အမျိုးမျိုး ကို ရွေးချယ် စိတ်ကူးရင်းနှင့် မှ နောက် ဆုံး မှာ အဲဒီ ခေတ်အခါ က ဖွင့်တဲ့သူ အင်မတန် နည်းသည့် ကျွန်မ ကိုယ်တိုင် လည်း သေသေ ချာချာ နားလည်နေသည့် အမျိုးသမီး အားကစား သင်တန်း လုပ်ဖို့ ဆုံးဖြတ်ချက် ချမိလိုက်မိပါတယ်…. အမျိုးသမီး အားကစား သင်တန်း လုပ်ဖို့ စိတ်ဒုံးဒုံးချ ဆုံးဖြတ်ပြီးချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိလိုက်တာ က ကျွန်မသည် ဤ အတတ် ပညာ တစ်ခု ကို မိမိ တကိုယ်ရေ လှပဖို့ အတွက်သာ အခကြေးငွေ ပေးကစားပြီး သင်ကြားခဲ့တာသာ ဖြစ်တယ်… အသက်မွေးဝမ်းကျောင်း လုပ်ဖို့ သင်ကြားခဲ့ခြင်း မဟုတ်…အဲဒီ အတွက် ကျွန်မ တက်ခဲ့သည့် သင်တန်း နှင့် ကျွန်မ ကို သင်ကြားပေးခဲ့ဖူးသည့် ဆရာမ အပေါ် သစ္စာစောင့်သိမှုလေး တော့ ရှိချင်မိသလို ကိုယ် လုပ်ကိုင်စားသောက်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ကို လည်း တစ်သက်လုံး လိပ်ပြာသန့်စွာနဲ့ လုပ်ကိုင်ချင်မိတဲ့ အတွက်..( ၈ ) နှစ်လောက် အဆက်အသွယ် လုံးဝ ပြတ်နေတဲ့ ဆရာမ ကို အားကစား နဲ့ ကာယပညာ ဦးစီး ဌာန မှ စပြီး သူရှိနေမယ် ထင်နိုင်တဲ့ သူ့ကို အဆက် အသွယ် ရနိုင်မယ် ထင်တဲ့ နေရာ အမျိုးမျိုး မှာ မမောတမ်း ရှာဖွေခဲ့ပြီးမှ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ရပါတယ်…သင်တန်းတက်ချိန် တွင် လာ ကစားရုံ က လွဲပြီး သိပ် မရင်းနှီးခဲ့တဲ့ ကျွန်မကို ဆရာမ က လည်း မမှတ်မိတော့ပါ….ဘယ်နှစ် ခုနှစ် လောက် က ဘယ်မြို့နယ် က သင်တန်း မှာ ကစားခဲ့ဖူး ပါတယ်…လို့ တော်တော်ကြီး အစဖော်ပြောတာတောင် မမှတ်မိခဲ့ပေမယ့်….. သမီးတို့ ကစား ခဲ့တာ ကိုယ့်ကိုယ်ကိုယ် လှချင်လို့သာ ကစားခဲ့တာ …အသက်မွေး ၀မ်းကျောင်း ဖို့ သင်ခဲ့တာ မဟုတ်တဲ့ အတွက် …အခု အချိန်မှာ ဒီအလုပ်လေး နဲ့ ဆိုင်ဖွင့်ပြီး ဘ၀ ရပ်တည်ချင်တာ မို့ ဆရာမ နည်း ကို အခြေခံပြီး သင်တန်းဖွင့်ချင်လို့ ဆရာမ ကို မတွေ့ တွေ့ အောင် ရှာပြီး…. လာခွင့်တောင်းတာပါ လို့…ပြောပြီး…အပြန်တွင် လက်အုပ်ချီပြီး ရိုသေစွာဖြင့် ထိုင် ကန်တော့ ခဲ့မိတဲ့ အဆုံးမှာ …မမှတ်မိပေ မယ့်…မျက်ရည်လေး လည်စွာ နဲ့ ဆရာမ ဒီအလုပ်လုပ်တဲ့ တစ်သက်မှာ တပည့်တွေ အများ ကြီးမွေးခဲ့ဖူးပေမယ့်…အခုချိန် မှာ ဘယ် တပည့် က ဆရာမ လို သင်တန်း ပြန်ဖွင့်နေသလဲ ဆရာမ မသိနိုင် သလို ဘယ်တပည့် က မှ လည်း သမီးလို ခွင့်လာ မတောင်းခဲ့ဖူးပါဘူး…. ဘယ်လိုဘဲဖြစ်ဖြစ် တီချယ်ကြီး ခွင့်ပြုပါတယ်… သမီးရယ်…ဖွင့်ပါ…. သမီး ဆရာမ အပေါ် ထားတဲ့ သစ္စာ တရား ဂါရ၀ တရားတွေ နဲ့ သမီး အလုပ် ထူးထူးခြားခြား အောင်မြင်ပါ စေ သမီးရယ်… ဆိုတာ တဲ့ ဆုတောင်း မေတ္တာပို့သံကို ….. ကျွန်မ ဒီနေ့ ဒီအချိန် ထိ ကြက်သီး တဖြန်းဖြန်း ထစွာ နဲ့ နားထဲ ကြားနေဆဲပါ….
      အဲဒီလို ခွင့်ပြုချက် ရပြီးလို့ ၂၀၀၅ ခုနှစ် ၊ မေလ (၁) ရက် နေ့ တွင် GINGER အမျိုးသမီး သီးသန့် ကိုယ်ကာယ အလှ သင်တန်း ကို ၀လိုသူ ၊ ပိန်လိုသူ ၊ ခန္ဓာ ကိုယ် အချိုး အစား ကျ တောင့်တင်း လှပလိုသူ များနှင့် ဆရာဝန် ညွှန်ကြားမှု ဖြင့် ကျန်းမာရေး သက်သက် ကစားလိုသူ များ အတွက် နည်းစနစ် တကျ လေ့ကျင့် ကစားနိုင်ရန် ရည်ရွယ်၍ စတင် ဖွင့်လှစ်ခဲ့တာ က စပြီး ပထမဆုံး ရတဲ့ သင်တန်းကြေးလေး နဲ့ ဆရာမ ကို သွားထိုင် ကန်တော့ ဖြစ်ခဲ့သလို….ယနေ့ထိလည်း သီတင်း ကျွတ် ရောက်တိုင်း ၊ အဆင်ပြေတိုင်း အခွင့်သာတိုင်း သွား ကန်တော့ နေဆဲဖြစ်ပါတယ်….. ( ဒီနေရာ မှာ အခုရေးတဲ့ ခေါင်းစဉ် နဲ့ မသက်ဆိုင်ပေမယ့် ထည့်သွင်းပြောချင်တာ တစ်ခု က အာစရိယ ဂုဏော အနန္တော ဆိုတဲ့ …ဆရာ့ ဂုဏ်ကျေးဇူး ဆိုတာ ပါ…. ဒီနေ့ခေတ် မှာ Service ခေတ်ကို ကူးလာတဲ့ အတွက် ကျွန်မ တို့လို ၀န်ဆောင် မှုလုပ်ငန်းတွေ က လူတွေ ကို Service ပေးတဲ့သူလို ဆက်ဆံကြတာ အကြောင်းမဟုတ်ပေမယ့်… .စာသင်ကျောင်းတွေ… သင်တန်းကျောင်းတွေ… အသက်မွေး ၀မ်းကျောင်း ပညာရပ် သင်ကြားပေးတဲ့ ကျောင်းတွေ မှာပါ…..ပညာ တစ်ခု ကို အခကြေးငွေ နဲ့ ပေးဝယ်လိုက် သလို သဘောထားလာကြတဲ့ အတွက်….အတတ်ပညာ တစ်ခု ကို သင်ကြားပေးတဲ့ ဆရာ ဆို တာ ကို သိတတ် ရိုသေဖို့ မပြောနဲ့….ကိုယ့်ကို လူတလုံးသူတလုံး ဖြစ်အောင် သင်ကြားပေးရမယ့်….ဆရာ ကတောင်….သူ စာသင်ပေးမယ့် တပည့် နဲ့ တပည့် ရဲ့ မိဘ တွေ စိတ်တိုင်း ကျအောင် … အတိုင် မခံရအောင် သတိ နဲ့ နေထိုင်ပေးနေ ရတဲ့ ….ခေတ် ကို ရောက် လာတာ ကိုလည်း စိတ်မကောင်းစဖွယ် မြင်တွေ့နေရပါတယ်…….အခု ကျွန်မရေးနေတဲ့ ခေါင်းစဉ် နဲ့  မသက်ဆိုင်လှ ပေမယ့် ကျွန်မ နဲ့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ ကလေးတိုင်း ကို ကျွန်မ အမြဲပြောလေ့ ရှိတဲ့ စကား က အသက်မွေး ၀မ်းကျောင်း လုပ်တော့မယ် ဆိုရင် ကိုယ် လုပ်စားမယ့် အတတ်ပညာ တစ်ခု သင်ပေးမယ့်သူ ၊ ကိုယ့်ကို ဘ၀ ရပ်တည်မှု ရအောင် အတတ်ပညာတစ်ခု သင်ကြားပေးထားတဲ့ ဆရာ ကို ပုဂ္ဂိုလ်ရေးရ မကြည်ညိုရင် မသင်နဲ့… သင်မိရင် လည်း ဘယ်လို အကြောင်းနဲ့ မှ မစော်ကား မိစေနဲ့…..စော်ကားပြီးရင်လည်း အဲဒီ အလုပ်ကို တစ်သက်လုံး ဆက် မလုပ် နဲ့တော့…ဘယ်တော့ မှ မအောင်မြင်တော့ဘူး…အောင်မြင်ရင် လည်း ခဏဘဲ ရ မယ်… ဆိုတာ..ပါ….)