နေ၀င်ရီတရောသော မိန်းမတို့ မည်သည် ........ on Wednesday, August 1, 2012



   ကျွန်မသည် Professional စာရေးဆရာ မဟုတ်တဲ့အတွက် စာတစ်ခါရေးတဲ့အခါတိုင်း ကိုယ်ရေးချင်တဲ့အကြောင်းအရာနှင့် လိုက်ဖက်ညီတဲ့ ခေါင်းစဉ်ရှာရတာ တော်တော်လေးကို ခက်ခဲပါတယ် ..... ကျွန်မ ရေးတဲ့စာအများစုက ကျွန်မ နေထိုင် လုပ်ကိုင် သွားလာကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရ ကြုံရ ဖြစ်ပျက်နေတာ တွေ ကို အခြေခံပြီး ရေးခဲ့တာ ဖြစ်သလို .... ယခုရေးတဲ့ ဒီ Note လေး ကို လည်း ကျွန်မ ဆိုင်ဖွင့်ခဲ့တဲ့ သက်တမ်း တလျှောက်လုံး မှာ တွေ့မြင်ကြုံဆုံကြားသိ ခဲ့ရသော အမျိုးသမီး အများစု ၏ လူနေမှုဘ၀ များစွာ နှင့် စိတ်ခံစားချက် အမျိုးမျိုး ကို အခြေခံပြီး သက်လတ်နှောင်းပိုင်း အရွယ် အမျိုးသမီးများ အတွက် ရည်ရွယ်ပြီး အဓိက ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါတယ် ..... ယခု ကျွန်မ ရေးလိုသော အကြောင်းအရာတွေ ကို ကျွန်မ သည် ဆရာဝန် တစ်ယောက် ၊ စိတ်ပညာရှင် တစ်ယောက်သာ ဖြစ်ခဲ့လျှင် ယခု ထက် ပိုမို ပြည့်စုံကောင်းမွန်အောင် ကျယ်ပြန့်စွာ ရေးဖွဲ့ တင်ပြနိုင် မှာ ဖြစ်ပေမယ့် .... သာမာန် လုပ်ငန်းခွင် တစ်ခု က အမျိုးသမီး တစ်ယောက် ၏ အမြင်သက်သက် နှင့် ရေးသားထားခြင်း သာ ဖြစ်တာ မို့ အတွေးမှား ၊ အမြင်မှား နဲ့ လွဲချော်တိမ်းစောင်းစွာ ရေးမိတယ် ဆိုပါလျှင် လည်း ကျွန်မ ၏ အားနည်းချက်ကြောင့်သာ လျှင် ဖြစ်ပါတယ် ဆိုတာ ........

နေ၀င်ရီတရောသော မိန်းမတို့ မည်သည် ........
    နေ၀င်ရီတရော ..... ဆိုတာ အများစု က အပုပ်ချိန် ရယ် လို့ ...အမည် နာမ အမျိုးမျိုး နဲ့ ခေါ်ကြတဲ့ ညနေစောင်း မမှောင့် တမှောင် အချိန် ကို ဆိုလိုတာသာ ဖြစ်ပြီး ..... ကျွန်မ ရေးချင်တဲ့ နေ၀င်ရီတရောသော အရွယ်ဆိုတာ က ကျွန်မ တို့ အမျိုးသမီးများ ၏ တစ်သက်တာ လည်ပတ်လာရတဲ့ ရာသီစက်ဝန်း တစ်ခု ကုန်ဆုံးခါနီး အချိန်မျိုး မှာ ဖောက်ပြန်လာတဲ့ ရုပ်ခန္ဓာ ကိုယ် နဲ့ ဖြစ်ပျက်လာရတဲ့ စိတ်ခံစားချက် အမျိုးမျိုး ကို တင်စား ခေါ်ဆိုလိုခြင်းသာ ဖြစ်ပါတယ် ..... ကျွန်မ GINGER အမျိုးသမီး သီးသန့် ကိုယ်ကာယ အလှ သင်တန်း ရယ်လို့ ၂၀၀၅ ခုနှစ် မှာ စတင်ဖွင့်လှစ် လုပ်ကိုင်လာတာ က စပြီး ယခုလို တဖြည်းဖြည်း တိုးချဲ့ လုပ်ကိုင် လာဖြစ်တဲ့ ခန္ဓာကိုယ် အဆီချလုပ်ငန်း ၊ မျက်နှာ အဆီချလုပ်ငန်း နဲ့ သက်လတ် အမျိုးသမီးများ အတွက် မျက်နှာပြင်တစ်ခုလုံး တင်းရင်းအောင် လုပ်ဆောင်ပေးတဲ့ ( Facial Lifting Treatment ) လုပ်ငန်း စတဲ့ ကျွန်မ အဆင့်ဆင့် တိုးချဲ့ဆောင်ရွက် လာတဲ့ လုပ်ငန်းတွေ အထိ ( ၇ ) နှစ်ကျော် ကြာ ဖြတ်သန်း လာခဲ့ရတဲ့ အချိန်ကာလ တလျှောက်လုံး မှာ အသက် ကြီးငယ် မရွေး အမျိုးသမီးတွေ ရဲ့ ပြသနာတွေ ဆိုတာ အကြောင်းအရာ မထပ်အောင် မြင်ရ ၊ ကြားရ တတ်ပါတယ် ..... ကျွန်မ ကို ယုံကြည်စွာ နဲ့ ဖွင့်ဟ ဆွေးနွေး လာတတ်တဲ့ Customer များစွာ ရှိသကဲ့သို့ ..... တိုက်ရိုက် ပွင့်လင်းစွာ ထုတ်ဖော် တိုင်ပင် ပြော ကြားခြင်း မပြုပေမယ့် အနီးစပ် ဆုံး ပြောလာတဲ့ သူတို့ စကားတွေ နဲ့ သူတို့ ရဲ့ ပြောဆိုတဲ့ ဟန်ပန် ၊ သွားလာနေထိုင်နေ တဲ့ သူတို့ရဲ့ အသွင် သဏ္ဍန်တွေ ကို မြင်လိုက် ကြားလိုက်ရရင် .... အမျိုးသမီး သီးသန့် ရဲ့ ကမ္ဘာတစ်ခုထဲ မှာ ဘဲ ကျင်လည် နေရသူမို့ သူတို့ ဖြစ်ပျက် ကြုံဆုံနေရတဲ့ စိတ်ခံစားချက် ဆိုတာတွေ ကို ကျွန်မ အလိုလို သဘောပေါက်စွာ နဲ့ စာနာ ခံစားနားလည်မိခဲ့တဲ့ အတွက် လည်း ဒီ Note လေး ကို ကြိုးစား ရေးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ် .....
    ကျွန်မ တို့ အမျိုးသမီးများ နေ့တဓူဝ ကျင်လည် ဖြတ်သန်းနေရတဲ့ လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး စတဲ့ လူမှု တာဝန်တွေ အမျိုးမျိုးကြား မှာ .... တစ်လ တစ်ခါ ရာသီချိန် ကို နာကျင်ခံခက် စွာနှင့် ကျော်ဖြတ်ရတာ ၊ မွေးရာပါ မိခင်စိတ် က ပေးသော အာဂသတ္တိ နဲ့ ကိုးလလွယ် ဆယ်လ ဖွားတဲ့ ကိုယ်ဝန်ဆောင်ပြီး မီးဖွားချိန် ကို ကျော်ဖြတ်ရတာ ၊ မီးယပ်သွေးဆုံးချိန် များ မှာ ကိုယ် / စိတ်ခန္ဓာ ဂယောက်ဂယက် ခံစားချက်များစွာ ကို ကြိတ်မှိတ်ခံရတာ စတာတွေ အားလုံး က ကျွန်မ တို့ အမျိုးသမီးတိုင်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရုပ်ခန္ဓာ ရဲ့ ဆင်းရဲခြင်း ... ဒုက္ခ အဖြာဖြာ ဘဲ ဖြစ် ပါတယ် ..... ကျွန်မ အမြင်သက်သက်နှင့် ပြောရမယ် ဆိုလျှင် .... ပထမဆုံး ဒုက္ခဖြစ်တဲ့ အပျိုဖော်ဝင် တဲ့ အချိန် မှာ ရင်ဆိုင်တွေ့ကြုံ ရတာ တွေ က နားလည်အောင် ၊ ရှင်းပြပေးမယ့် .... မိခင် (သို့) မိသားစု ၏ နွေးထွေးသော မေတ္တာများ ကို ခံယူရင်း လှပပျိုမြစ်သော ရုပ်အဆင်းသဏ္ဍန် ဆီ သို့ကူးသန်းရတာ ဖြစ်တဲ့ အတွက် .... ဝေဒနာ ရယ် လို့ .... ထူးထူးထွေထွေ မခံစားရတတ် သလို ....ကိုယ် ချစ်ကြိုက်လို့ လက်ထပ်ပြီး ရလာတဲ့ ခင်ပွန်းသည် ရဲ့ ကိုယ်ဝန် ကို ကိုးလလွယ် ဆယ်လ ဖွားရတဲ့ ဒုက္ခ ဆိုတာ က လည်း မမြင်ရသေးတဲ့ ရင်သွေးကလေး ရဲ့ မျက်နှာ နဲ့ ချစ်ခင်ကြင်နာ ယုယမယ့် ခင်ပွန်းသည် နဲ့ နွေးထွေးသော နှစ်ဘက် မိသားစု ၏ မေတ္တာများ ဖြင့် ဆိုပြန်တော့ လည်း ခန္ဓာ က ရတဲ့ ဒုက္ခ ရယ် လို့ ဖြစ် မလာဘဲ .... ပျော်ရွှင်စရာ အတိပြီးသော လူနေမှု ဘ၀များ သာ ဖြစ်ချေခဲ့ပါတယ် .....
    ကျွန်မ နှင့် တကွ အမျိုးသမီးများ အများစု မှာ ကျွန်မ ပြောချင်သည့် နေ၀င်ရီတရော အချိန် ကို မဆိုထားပါနှင့် ..... အပျိုဖော် ၀င်ချိန် မှ စလို့ ပုံမှန် တစ်လ တစ်ခါ ရင်ဆိုင်ရသော ဓမ္မတာ လာစဉ် အချိန်များတွင် ပင် နည်းလျှင်လည်း နည်းလို့ ....များ လျှင် လည်း များလို့ ...မဆင်းပြန်လျှင်လည်း ချုပ်လို့ ...၊ တစ်ခါ ထိန်ပြန်လျှင် လည်း ထိန်လို့ ... စသဖြင့် ၊ ခါးနာ ခါးကိုက်ခြင်း ၊ ကိုယ်လက် မအီမသာဖြစ်ခြင်း ၊ ခေါင်းအုံခြင်း စသည့် နာကျင်ကိုက်ခဲခြင်း အမျိုးမျိုး ကို လစဉ်ဆိုးရွားစွာ ခံစား ရတတ်ရုံမျှမက ဓမ္မတာ လာချိန် နီးပြန်လျှင်လည်း အလိုလို စိတ်တိုခြင်း ၊ မည်သူ့ကို မျှ စိတ် အလိုမကျခြင်း ၊ နေရထိုင်ရတာ မကြည်လင်ခြင်း ၊ အမည် မဖော်နိုင်သည့် တစ်စုံတစ်ရာ ကို အလွန်အမင်း ခံစားရခြင်း ၊ စိတ် က အလိုလို ထိလွယ် ရှလွယ်နေခြင်း နှင့် အဆိုးဆုံး က ပုံမှန် အချိန်မျိုးတွင် မဖြစ်ခဲ့သမျှ ထိုသို့သော ရက်များတွင် အလွန်အမင်း သွေးဆူပေါက်ကွဲ သွေးဆိုး ကြမ်းတမ်းခြင်း စသည်များ ပင် ဖြစ်ပါတယ် ....တခါ အိမ်ထောင်ရက်သား ကျလို့ ကိုးလလွယ် ကာ ဆယ်လ မှာ ဖွားလို့ မီးဖွားချိန် ကို ကျော်ဖြတ်ရပြန် လျှင်လည်း မီးတွင်း မှာ စိတ် ပင်ပန်း ဆင်းရဲရလျှင် ၊ အလွန်အမင်း စိတ်ထိခိုက် ခံစားရ လျှင် သွေးနု သားနု နှင့် သွက်သွက်ခါအောင် ရူးသွားနိုင်တဲ့ အထိ စိတ်ဖောက်ပြန် သွားနိုင်လောက်အောင် ဖြစ် တတ်တာမို့ စိတ်ဆင်းရဲ စရာ ရှိခဲ့လျှင် မီးနေသည် အမျိုးသမီးများ ကို အသိ မပေးကြလောက်အောင် အထိ အမျိုးသမီးများ ၏ သွေးသား သဘာဝ နှင့် မီးယပ်ရောဂါ ဆိုတာ အလွန်ပင် ကြောက်စရာ ကောင်း လှပါသေးတယ် ....