လှချင်ရက် စက်စက်ယို..............by Swe Myat Hay Thi on Friday , 20 January 2012


    မိန်းကလေး မှန်ရင် အသက်ကြီးငယ် အရွယ်မရွေး လှချင်ကြတာ သဘာဝ ပါ ။ ဘယ်လောက် အလှ အပ ကို ကြိုက်တတ်ကြသလဲ ဆိုရင် သိနားလည် တတ်ခါစ ၂ နှစ် ၃ နှစ် အရွယ် ကလေး လေး ဘ၀ မှ လှချင်လိုက်တာ အသက် ခြောက်ဆယ် ခုနစ်ဆယ် အဖွားကြီး ဖြစ်တဲ့ အထိ ပါဘဲ ။ ကျွန်မ က အမျိုးသမီး အလှအပ နဲ့ ပတ်သက် တဲ့ အလုပ်လုပ်ရသူမို့ ကျွန်မ သမီးလေး အတိုင်းထက် အလွန် အလှအပ ၀ါသနာ ပါသွားမှာ စိုးတဲ့ အတွက် ငယ်သေးတဲ့ အရွယ်မှာ နှုတ်ခမ်းနီ မဆိုးရ ၊ လက်သည်း နီ မဆိုးပေးရ လို့ ဆိုထားပေမယ့် လည်း ကျွန်မ ကို ကြောက်လို့သာမလုပ်ရပေမယ့် အလှပြင်ပစ္စည်းလေးများတွေ့ရင် မျက်လုံးလေးတွေ က အစ အရောင်လေးတွေ တလက် လက် နဲ့ ပါ။ သမီးလေး အရွယ် က နေ အပျို အရွယ် လေးများ ရောက်ပြန်ရင် လည်း မစားရက် မသောက်ရက် ကိုယ့်မုန့်ဖိုး လေး ခြစ်ခြုတ် လို့ အလှပြင်ရ ပြန်ပါရော ။ တခါ အဲဒီထက် ပိုအသက် ကြီးသွား လို့ အိမ်ထောင်ရက် သား ကျပြန်ရင် လည်း တသားမွေးတော့ တသွေးလှ ဆိုပြီး လှချင် ကြပြန်ပါရော ။ 
    အဲင်္ဒိလိုနဲ့ မှ အသက် ၅၀ ကျော် အရွယ်ဖြစ်လာပြန်ရင်လည်း ချောချော ခန့်ခန့် ကြီး ဆိုရင် သဘော ကျရ ပြန်ပါရော ။ နောက်ဆုံး ဖွားဖွား တို့ အရွယ်ရောက်လို့ အသက် ထောက် လာရရင်တောင် အဖွား ငယ်ငယ် က တော်တော် လှမှာဘဲ ။ အဖွား က အရမ်း အရွယ်တင်တယ်နော် လို့ ပြောကြည့် ရင် ကြည်ကြည် နူးနူး နဲ့ ပြုံး သွားတတ် ကြတာချည်းပါဘဲ ။ ထိုသို့ ဆိုရင် မိန်းကလေး မှန်ရင် အနည်းစုလောက် မှ လွဲ၍ များသောအားဖြင့် က အလှအပ ကို နှစ်သက် မြတ်နိုး တတ်ကြတယ် ဆိုတာ ပါ ။ 
   ကျွန်မ လည်း အလှအပ ကို အလွန် အင်မတန် မှ ၀ါသနာပါ ပြီး ကလေး ဘ၀ ကနေ ခုချိန်ထိ အလှပြင် ပစ္စည်း ၀ယ်ရမယ် ဆိုရင် မစားရက် မသောက်ရက် နဲ့ ၀ယ်တဲ့ အထိ တော်တော် ရူးသွတ် ပါတယ် ။ အလှ အရမ်းကြိုက်တဲ့ ကျွန်မ ကို မွေးထားတဲ့ ကျွန်မ အမေက တော့ အလှပြင် ဖို့ နေနေ သာသာ သူ့မှန်တင်ခုံ ပေါ်မှာ ဆိုရင် အလှပြင် ပစ္စည်း ဆိုလို့ ဒေါ်သီ သနပ်ခါး မှုန့် နဲ့ PROMINA တစ်ဘူး ၊ သနပ်ခါး ကျောက်ပြင် တစ်ချပ် ၊ သနပ်ခါးတုံး တစ်တုံး နဲ့ သနပ်ခါးခြစ် ဖို့ သွားပွတ်တံ တစ်ချောင်း ရှိရင် ကို ကျွန်မ အမေရဲ့ အလှပြင် တဲ့ ကိစ္စ က ပြီးပြည့်စုံ နေပြီ ဖြစ်ပါတယ် ။ ပြီးပြည့်စုံတယ် ဆိုပေမယ့်လည်း ကျွန်မ အမေ က ကျွန်မ အသက် ၂၁ နှစ် အရွယ် မှာ ကွယ်လွန်သွား တဲ့ အထိ တခါမှ သနပ်ခါး ကို ညီညီညာညာ လိမ်းပြီး လှပနေတာ မျိုးတစ်ခါ မှ မတွေ့ခဲ့ဖူးပါ ။ မညီမညာ နဲ့ သနပ်ခါးခြောက်မှ သွားပွတ်တံ နှင့် ညှိရခါရနဲ့ပါဘဲ ။ အလှအပ ကို လုံးဝ ၀ါသနာမပါတဲ့ အမေ က မွေးတဲ့ ကျွန်မ က အလှအပ ဆို ခေါင်း ကနေ ခြေထောက် အထိ ၀ါသနာပါသူ မို့ ငယ်ငယ်ကထဲ က နေ အခုချိန် အလှအပ နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ဖြစ်နေတာ တွေ့တဲ့ အမေရဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်တွေ့ရင် အားလုံးက တအံ့တသြ ဖြစ်ကြရတဲ့ အထိဘဲ ဖြစ်ပါတယ် ။ 
    ကျွန်မ အလှအပ အရမ်း ကြိုက်ခဲ့ရတဲ့ အကြောင်း က ဒီလိုပါ ။ ကျွန်မ ရဲ့ ကြီးကြီး ဆရာဝန် က အလှကြိုက် လှတယ် မဟုတ်ပေမယ့် သူ့အသက်အရွယ် သူ့ အလုပ်နဲ့ သူ့ မှန်တင်ခုံ ပေါ်မှာ လက်သည်းနီရောင်စုံလေးတွေ ၊ နှုတ်ခမ်းနီဘူး လှလှလေးတွေ နဲ့ မိတ်ကပ် အလှပြင် ပစ္စည်း လေးတွေ စီစီ ရီရီ နဲ့ တွေ့တိုင်း ကလေး ဘ၀ ထဲ က မျက်စိ ထဲ က မထွက် နိုင်အောင် ရူးသွပ်စွာ လိုချင်ခဲ့ဖူးပါ တယ် ။ နောက်တစ်ယောက် ကတော့ ကျွန်မ တို့ မိသားစုထဲ မှာ လက်သည်းခြေသည်း လေးတွေကို အရောင်လေးတွေ ပြောင်းပြောင်းပြီး အမြဲဆိုးတတ်တဲ့ ကျွန်မ ရဲ့ အဒေါ် ကို သဘောကျ တာ ဖြစ်ပါတယ် ။ ကလေး ဘ၀ထဲ က အဲဒီ အန်တီကို တွေ့တိုင်းလည်း သူ့ခြေထောက် ကလေး တွေ ဆိုလှလိုက်တာ ၊ နောက်တစ်ခါ ဆို ဘာအရောင်လေး ဆိုးထားအုံးမလဲ ၊ ဆိုပြီး အမြဲ ဂရုတစိုက် လိုက် လိုက် ကြည့်ရပြန်ပါရော ။ တဆက်ထဲ ပြောရရင် ကျွန်မ က အလှအပ ဆိုအရမ်း လိုချင်ပေမယ့် ကျွန်မ ရဲ့ ဖခင်ဖြစ်သူ က ၀ါသနာ ပါသွားမှာ စိုးတဲ့ အတွက်ကျွန်မ ငယ်စဉ်ထဲက မှန် မကြည့်ရ ၊ နှုတ်ခမ်းနီ မဆိုးရ ၊ လက်သည်းနီ မဆိုးရ နဲ့ ပါ ။ တခါတလေ များ သူ အပြင်သွားလို့ ကြီးဒေါ် ဖြစ်တဲ့ ကြီးကြီး ကို ခိုးပြီး ဆိုးခိုင်းမိလို့ ကျွန်မ အဖေ ပြန်သိသွား ရင် ကျွန်မ မှာ လူရှေ့သူရှေ့ မရှောင် နားရွက်ဆွဲ ထိုင်ထ လုပ်ရ ၊ လက်သည်းနီ ဆိုးမိရင် လည်း သူတွေ့ မှာ စိုး လို့ လက်သည်း လေးတွေ ပေါ် က သနပ်ခါး နဲ့ အုပ်ပြီး အဖေ တစ်ခုခု ခိုင်းရင် လက်ကလေး ဖွက်ပြီး ပေးမိတာ တွေ့ သွားတာနဲ့ နေပူထဲ မှာ သဲတွေ နဲ့ ဖျက်ခိုင်းပြီး ဒဏ်ပေးခံရနဲ့ပါ ။ ကျွန်မ က လည်း ဘယ်လောက် ဘဲ အပြစ် ပေးပေး အမှတ်မရှိစွာ နဲ့ လစ်ရင် ခိုးပြီး လူကြီးတွေ ကို ဆိုး ခိုင်းတဲ့ အထိပါဘဲ ။
    အလှပြင်ပစ္စည်းဆိုလို့အမှတ်တရထည့်ပြောရရင်အမေကလည်း အလှအပ ၀ါသနာ မပါသူမို့ လူကြီးတွေ လို အကောင်းစား ၀ယ်စရာ ပိုက်ဆံ မရှိ တဲ့အတွက် ကျွန်မတစ်တန်း၊ နှစ်တန်း အရွယ်မုန့်ဖိုးစရတာကစပြီးအိမ်နားကဈေးကိုအမေနဲ့ အဖော်လိုက်ရင်း လမ်းဘေးမှာ ပလတ်စတစ် ခြင်း ကလေး နဲ့ ချရောင်းတဲ့ အပေါစား လက်သည်း နီ ၊နှုတ်ခမ်းနီ လေး တွေ တွေ့ရင် က အစ အမေကို ခဏလေး လို့ ပြောပြီး အိပ်ကပ်ထဲ ပါလာတဲ့ မုန့်ဖိုးလေး နဲ့ ၀ယ်ရတဲ့ အထိပါဘဲ ။ ကလေး ဆိုတော့ ဈေးကြီးတာ ဈေးပေါတာ နားမလည်ပေမယ့် ကျွန်မ မျက်စိထဲ မှာ တမြတ်တနိုး နဲ့ စွဲလန်းနေရတဲ့ အလှပြင် ပစ္စည်းလေးတွေ ဆိုတော့ အိမ်ရောက်ရင် တယုတယ နဲ့ ထုတ်ပြီး အဖေ မရှိတဲ့ အချိန် မှန် ခိုးကြည့်ပြီး တိတ်တိတ်ကလေး အလှပြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာပါပဲ ။ 
     အဲဒီ က နေ နည်းနည်း ကြီးလာတော့ ဈေးတွေ ထဲမှာ ဆိုင်ခန်းလေးနဲ့ရောင်းတဲ့  အလှ အပ ပစ္စည်းလေး တွေ တိုးပြီး ၀ယ်ပြန်ပါရော ။ တခါ အဲဒီ ကနေ နည်းနည်း ပိုကြီးလာတော့ ရပ်ကွက် စတိုးဆိုင် လေးလောက် အနေအထား က ဆိုင်တွေ မှာ ရောက်ရင် ငေးမောရင် ၀ယ်ပြန်ပါတယ် ။ ကျွန်မ တို့ ၉ တန်း ၁၀ တန်း လောက် ရောက်တဲ့ အချိန် မှာ ကုန်တိုက်တွေ ပေါ်လာတော့ အဆင့် က ပိုမြင့်လာသလို ၊ ပိုပို အကောင်း ကြိုက်တတ်လာ ပြီး ကုန်တိုက်ပေါ် က အလှကုန် အတန်း တွေ မှာ ထပ်ဝယ်ပြန်ပါတယ် ။ အဲဒီလို နဲ့ အသက်လေးနည်းနည်း ကြီးလာလို့ မုန့်ဖိုးလည်း ပိုရလာတဲ့ အချိန် မှာ  Loreal’ တွေ ၊ Revlon တွေ Shopping Mall တွေမှာ ကောင်တာတွေ နဲ့ Brand  အလိုက် ရောင်းတာတွေ ပေါ်လာတော့ ကောင်တာ နဲ့ တင်ရောင်းတဲ့ ပစ္စည်း က မှ ပိုအရည် အသွေးပြည့်ဝ တယ် ဆိုပြီး ထပ်ထပ် ၀ယ်ပြန်ပါရော ။ အခုချိန် ကျပြန်တော့ ထုတ်တဲ့ နိုင်ငံကနေ တိုက်ရိုက်မှာ သုံးရ တာ ပိုကောင်းတယ် ဆိုပြီး အလှကုန် ပစ္စည်း အသစ် တွေ့လိုက် စမ်းသုံးကြည့်လိုက် ၊ မဆုံးသော ၀ယ်ခြင်း များ နဲ့ ထပ်ထပ် ၀ယ်လိုက် နဲ့ မဆုံးသေးတဲ့ အလှ သံသရာ နဲ့ တ၀ဲ လည်လည် ဖြစ်နေ ဆဲ ဘဲ ဖြစ်ပါတယ် ။ 
   ထိုသို့ အလှပြင် ပစ္စည်း များ ကို တယုတယ နဲ့ ၀ယ်သုံးတတ် ၀ယ်စုတတ် တဲ့ ကျွန်မ ဟာ ငယ်ငယ် က အဖေဆူမှာ ကြောက်လို့ မှန်မကြည့် ခဲ့ရလို့လား မသိ ၊ အကျည်းတန် မှန်ကြိုက် ဆိုတဲ့ စကားပုံ နဲ့ နှိုင်းရင် စိတ်ဆိုးပေမယ့် မှန် ကို အင်မတန် မှ ကြိုက်လှ ပါတယ် ။ အလှပြင်ပြီး တိုင်း မှန် ကြည့်ရသလို ၊ အ၀တ်အစား အသုံး အဆောင် အသစ်အဆန်းလေးများ ၀ယ်ပြီးရင် လည်း မှန်ရှေ့ က မခွာတော့ပါ ။ ဘယ်လောက်ထိ မှန်ကြိုက်ပြီး ဘယ်လောက်များ အထိ လှချင်သလဲ ဆိုရင် တစ်ယောက်ယောက် က ကျွန်မ မျက်နှာ မှာ ဘယ်နေရာ က မလှ ၊ ခန္ဓာကိုယ် မှာ ဘယ်နေရာ က မလှ ဟု ပြောတာ ကြားရရင်တောင် ပြုပြင် ယူလို့ ရရင် ပြုပြင်ယူချင်ပြီး မရရင်တော့ အဲဒီနေရာ ကို လူမမြင်အောင် ဖုံးဖိ သတိထား ပြီး ကိုယ်ရုပ်ဆိုးတာ သူများ မမြင်အောင် နေပါတယ် ။ ဥပမာ ငယ်ငယ် တုန်း က လက်ဆစ်တွေ ခဏခဏ ချိုးလို့ လက်မလှတာ ကို သတိထားလိုက်မိတယ်ဆိုရင် ဘဲ အဲဒီ မလှတာ ကို လူမြင်မှာ စိုးတဲ့ အတွက် လက်ချောင်းလေးတွေ ကို သတိထားပြီး ဖျော့ဖျော့ လေး နေ ၊ လက်သည်း အရှည်လေး ထားပြီး လက်မလှတာ ကို မပေါ်အောင် လေ့ကျင့်ယူ ထားတာ ၊ တခါ လွန်ခဲ့တဲ့ ( ၁၀ ) နှစ်ကျော် က ဧည့်ခံပွဲ တစ်ခုမှာ ကိုယ်ကြပ် ဂါဝန် အရှည် ၀တ်သွားပြီး အမှတ် မထင် ရိုက်ခဲ့တဲ့ ဓာတ်ပုံ ထဲမှာ ကျွန်မ တစ်ယောက်ထဲ လူ က ပိန်ပါလျှက် နဲ့ ဓာတ်ပုံ ထဲ က ဗိုက်နေရာ မှာ ကွက်ပြီး ပူနေပါတယ် ။ ၀တ်ထားတဲ့ အသား ကလည်း အပြောင်သား မို့ အထင်းသား ပေါ့ ။ အဲဒီလို ရုပ်ဆိုးနေတဲ့ ကိုယ့်ပုံ ကို မထင်မှတ်ဘဲ တွေ့လိုက်ရကထဲ က ဗိုက်ချပ်တဲ့ အကျင့် လုပ်ယူခဲ့ တာလည်း အခုချိန်ထိပါဘဲ ။ လက်မောင်းဆိုရင် လည်း အဲဒီလိုပါဘဲ နည်းနည်း လူက ၀ နေတဲ့ အချိန် ဆိုရင် လက်နဲ့ ခန္ဓာကိုယ် ကိုယ် က ကပ်နေရင် ပိုကြီးတယ် မှန်း သိတာ မို့ လူရှေ့ရောက် ရင် လူတွေ သတိမထားမိ ရလေအောင် လက်မောင်းလေး ကို ဖွဖွလေး ဖျော့ဖျော့ ပြီးချထားရတဲ့ အထိ ၊ ကျွန်မ တစ်ကိုယ်လုံး မှ မလှတဲ့ နေရာ မှန်သမျှ လိုက်ဖုံးပြီး သတိကြီးစွာ နဲ့ နေနေရတာ တော်တော် ပင်ပန်း လှပါတယ် ။ ဒါပေမယ့် လည်း ကျွန်မ က ကိုယ့် ၀ါသနာ နဲ့ကိုယ် မို့အစစ် နဲ့ ဘဲ လှလှ ဖုံး ကွယ်ထားလို့ ဘဲ လှတယ်ထင်ရရ ပျော်နေတာပါဘဲ ။